Sunday, December 30, 2012

စိတ်နာ လို့ ပြိတ္တာ မဖြစ်စေနဲ့




မင်္ဂလာပါမိတ်ဆွေတို့

ခုရက်ပိုင်း နှစ်သစ်မကူးခင်လေး စိတ်ချမ်းသာချင်လို့ Internet မှာ မြင်နေကြားနေတာတွေကို ဘာမှ ဝင်မပြောပါဘူးဆိုပြီး စိတ်ထိန်းပြီး နေနေကြည့်ပါသေးတယ်ပေါ့နော်။

အို ... ဘယ်လိုမှ မရနိုင်အောင် လူတစ်ချို့ဟာ ဆိုးရွားကြပါလား ???

ခုလဲ စိတ်ထဲရှိတဲ့ အတိုင်း အမှန်ကိုပြောမှာပေမယ့် ကိုယ့်ကိုပါ အမေရိကားကကောင် ချမ်းသာလို့ သူဌေးတွေဖက်က လိုက်ပြောတယ်ဆိုတဲ့လေသံက လာဦးမယ်ဆိုတာ သိနေပြီးသားပါလေ။

(တကယ်လဲ မချမ်းသာတော့ အဲ့လိုပြောခံရတာ အဆဲခံရသလိုပါဘဲ) 

ခုကတော့ ကိုယ့်အမေရင်းလို လေးစားတဲ့ အမေစု ကို ဒီရံပုံငွေ ပွဲကိစ္စလေးတွေနဲ့ ပါတ်သက်ပြီး တစ်ခါထဲ သူတစ်သက်လုံးက အနစ်နာခံခဲ့တာတွေကို အတိတ်မေ့သွားသလို အားမနာလျှာမကျိုး ဝေဖန်စော်ကားနေလိုက်ကြတာဆိုတာ ...
နောက်ဆုံး လုံးဝကို မပြောရမနေနိုင်တော့တဲ့အထိပါဘဲ ခင်ဗျာ။

ဒီလောက်တောင် အကုသိုလ်စိတ်ကို သူမတူအောင် နှိုးဆွနိုင်စွမ်းရှိတဲ့ လူကြီးမင်းများ ကို လက်ခုပ်တီးပေးကြပါ။
ဘယ်သူတွေလဲဆိုတာတော့ မေးနေစရာလိုမယ် မထင်ပါဘူးနော်။

ထုံးစံအတိုင်း Profiles တွေမှာတောင် မျက်နှာမပြရဲတဲ့ အဝေးရောက် KeyBoard သိုင်းပညာရှင် သူရဲကောင်းကြီးတွေဘဲပေါ့ဗျာ။

လေသေနတ် တော်လှန်ရေး 
(အာနဲ့ဘဲ တိုက်နေတာပါ၊ လေသေနတ် အစစ်တောင် ဝယ်မပစ်ကြပါ)

စာပေးစာယူ တော်လှန်ရေး 
(တက္ကသိုလ်က စာပေးစာယူ မဟုတ်ပါ၊ Gmail နဲ့ FaceBook မှာ စာတွေ လိုက်ဖွနေခြင်း)

ဒါတွေဘဲ လုပ်တော့တဲ့ တော်လှန်ရေးသမား ဆိုသူတွေကို ပေါ့။ ။

ကိုယ်လဲ မလှူနိုင်ဘဲ သူများတွေလှူတာကို ခရိုနီတွေ ခရိုပြာတွေ ဘာညာ နဲ့ ဘေးထိုင် ဘုပြောနေတဲ့ အဲ့ဒိ လူကြီးမင်း များကို မေးချင်မိပါတယ်။

အဲ့ဒိ ခရိုနီဆိုသူတွေက သိန်းဘယ်နှစ်ရာ ဘယ်နှစ်ထောင် ဆိုတာမျိုးတွေ လှူနေတဲ့ အချိန်မှာ မျက်နှာတောင် မဖေါ်ရဲဘဲ Profile Picture အတုနဲ့ ဘေးထိုင်ဘုပြော လုပ်နေတဲ့ လူကြီးမင်းတို့ကရော လိုအပ်နေတဲ့သူတွေကို တစ်ကျပ် တစ်ပြား လှူပြီးပါပြီလား။

လှူရကောင်းမှန်းရော သိပါရဲ့လား။

မလှူပြန်ရင်လဲ ချမ်းသာပြီး မလှူဘူးပြော ...

ခုလို ပက်ပက်စက်စက် လှူပြတော့လဲ ခရိုနီတွေ လာဘတ်ထိုးနေတာပါ ဆိုတော့ ...
လူကြီးမင်းတို့က သူတို့ကို ဘာများလုပ်စေချင်တာပါလဲ ခင်ဗျာ။

သူများဘာသာ ကျိကျိတက်ချမ်းသာတော့လဲ မတရားချမ်းသာတယ်ပြောကြတယ်။
ကိုယ်မလှူနိုင်တဲ့ ပမာဏ တွေ လှူပြပြန်တော့လဲ မုဒိတာမပွား သာဓုမခေါ်ပေးနိုင်ကြပြန်ဘူး။

ဘာတွေလဲဗျာ။

အစိုးရ နဲ့ မကင်းကွာဘဲ အောင်မြင်ကြွယ်ဝလာတိုင်း လူယုတ်မာ ဆိုတဲ့ သီအိုရီဟာ စပျစ်သီးချဉ် တဲ့ အတွေးအခေါ်သာဖြစ်ပါတယ်။

မြန်မာပြည်မှာ အောင်မြင်တဲ့ လုပ်ငန်းရှင်ဖြစ်ချင်ရင် အစိုးရ နဲ့ သေခန်းဖြတ်ထားလို့ မရဘူးဆိုတာ စီးပွားရေး လုပ်ငန်းလုပ်နေတဲ့သူတိုင်း အသိပါ။

မသိတာ ပြည်တွင်း/ပြည်ပ မှာ အစထဲကလဲ ဘာမှမဟုတ်ခဲ့ ခုထိလဲ ဘာမှ မဖြစ်မြောက်တော့တဲ့ သစ်ကိုင်းလွတ်နေသော Gentlemen တွေသာဖြစ်ပါတယ်။

ဒါဆို လူကြီးမင်းတို့ ဆွေတော်မျိုးတော်တွေကို အယောက်စေ့အောင် လှူမှ ရွှေပါးစပ်/လေသေနတ်တွေ ကျေနပ်/နေတတ် တော့မှာလား။

လူဆိုတာ အောင်မြင်ချင်တဲ့သူချည်းပါဘဲ။
ဒီအတွက် အခွင့်အလမ်းဆိုတာ ရှာတတ်ကြရပါတယ်။
ဒီနေရာမှာ ကိုယ်ကျိုးဘဲကြည့်တတ်သူတွေရှိသလို နှစ်ဦးနှစ်ဖက် တရားတဲ့နည်းနဲ့ ရှာတဲ့သူတွေလဲအများကြီးပါ။

NLD လို နိုင်ငံရေး + လူမှုရေး အဖွဲ့အစည်းတွေ
နာရေးကူညီမှု အသင်း တို့လို ပရဟိတ အဖွဲ့အစည်းတွေမှာ သူ့အလိုလို အချိန်မှန် ငွေသီးနေတဲ့ ငွေပဒေသာပင်တွေ ပေါက်နေတာ မဟုတ်ပါဘူး။
သူတို့ကို ဆက်လက်ရပ်တည်လှုပ်ရှားနိုင်စေဖို့ လိုအပ်တဲ့ ငွေကြေးထောက်ပံ့သူတွေ (Donor / Sponsor) တွေ အဓိကလိုအပ်ပါတယ်။

ဒါ ဆင်းရဲတဲ့ မြန်မာနိုင်ငံမှမဟုတ်ပါဘူး။
အမေရိကားလို အချမ်းသာဆုံးပါဆိုတဲ့ နိုင်ငံတွေမှာတောင် လိုအပ်ပါတယ်။
ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ Barack Obama နဲ့ Mitt Romney တို့ ဒေါ်လာတွေ Billion ချီပြီး ကုန်ကြခံခဲ့တာ သူတို့ ချွေးနည်းစာ ဘိုးဘွားပိုင် စည်းစိမ်ဥစ္စာတွေ ထုခွဲရောင်းချပြီး ရင်းနှီးခဲ့ကြတာလို့ ထင်နေကြပါသလား။
သူတို့ ကိုယ်စီရဲ့နောက်မှာ အင်မတန်ချမ်းသာကြွယ်ဝတဲ့ လုပ်ငန်းရှင်တွေ ထောက်ပံ့ထားသူတွေ ရှိနေတာကြောင့်ပါ။

ဒါကြောင့် ပညာတတ် နိုင်ငံရေးသမားတွေတိုင်းဟာ အောင်မြင်ကြွယ်ဝတဲ့ စီးပွားရေးသမားတွေရဲ့ အရေးပါမှုကို နားလည်စွာ အသိအမှတ်ပြုထားရပါတယ်။
မိမိ နဲ့ မိမိ အဖွဲ့အစည်း ကို သာမန်စည်းစိမ်ဘဲရှိတဲ့ ပြည်သူတွေ ဘယ်လိုမှမတတ်နိုင်လောက်တဲ့ ငွေကြေးပမာဏ နဲ့ ထောက်ပံ့လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးကို မိမိ ရဲ့ တသီးပုဂ္ဂလ ခံစားချက် နဲ့ အီမိုထပြီး သူ့ ငါမကြိုက်ဘူး သူပေးတာလဲယူဘူး ဟင်အင်းပါဆိုနေ ဆိုပြီး နှုတ်ခမ်းဆူခြေဆောင့် လုပ်ပြလို့မရပါဘူး။
ဒါဟာ Smart ဖြစ်တဲ့ ပညာတတ်နိုင်ငံရေးသမားတိုင်း ရှိကိုရှိရမယ့် Attitude ဖြစ်ပါတယ်။

ဒီတော့ အောင်မြင်တဲ့ နိုင်ငံရေးသမားတိုင်းမှာ မိမိ ရဲ့ ပြိုင်ဖက် အခြားနိုင်ငံရေးသမားတွေ အပြင် လက်မတွဲမဖြစ်တွဲရမယ့် သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံရမယ့် လူတန်းစားသုံးရပ် ရှိပါတယ်။


  • (၁) နိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ
  • (၂) အောင်မြင်တဲ့ အနုပညာ/Media လောကသားများ
  • (၃) အောင်မြင်ကြွယ်ဝတဲ့ စီးပွားရေး လုပ်ငန်းရှင်များ စတဲ့ လူတန်းစား သုံးရပ် ဖြစ်ပါတယ်။


ဒီ လူတန်းစား သုံးမျိုးထဲက တစ်မျိုးမျိုးကို ကျောခိုင်းလိုက်မယ်ဆိုတာနဲ့ နိုင်ငံရေးသမားဟာ အသက်မဲ့သွားမှာဖြစ်တယ်ဆိုတာ လက်ရှိအောင်မြင်နေတဲ့ ဘယ်နိုင်ငံက နိုင်ငံရေးသမားကိုမဆို တရေးနိုး မေးမေး စိတ်ညှို့ပြီးမေးမေး ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ဒီတော့ ခု အမေစု ပေါင်းသင်းဆက်ဆံနေရသလိုမျိုး Obama ရော Queen Elizabeth သာမက အခြားနိုင်ငံ့ခေါင်းဆောင်တွေတိုင်းလဲ သူတို့ တိုင်းပြည်တွေကသာမက ကမ္ဘာမှာ အောင်မြင်ကျော်ကြား ချမ်းသာနေတဲ့ စီးပွားရေးသမားတွေနဲ့ပါ သင့်မြတ်အောင် ပလဲနံပ သင့်အောင် ပေါင်းသင်းဆက်ဆံနေရတာပါဘဲ။
သူ့ဘာသာ နောက်ကွယ်မှာ ဆွဲထိုးချင်စိတ်ပေါက်အောင် မုန်းနေချင်မုန်းနေမယ် ကင်မရာတွေရှေ့မှာတော့ နိုင်ငံအတွက် ကိုယ့် Party အတွက် သွားလေးဖြီးပြီး လက်ဆွဲနှုတ်ဆက် ပုခုံးချင်းဖက်ပြီး ပြောဆိုဆက်ဆံနေရတဲ့ အပေါ်ယံ လူမှုရေးဆိုတာ ဘယ်နိုင်ငံ ဘယ်ခေတ်က နိုင်ငံရေးလောကမှာ မဆို ရှိနေခဲ့ ရှိနေဆဲပါ၊ နောင်လဲ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

နောက်တစ်ခု ခံရခက်တာက ခု အမေစု ကို လက်တွဲ ကူညီလာကြတဲ့ အနုပညာသမားတွေကိုလဲ ထုံးစံအတိုင်း သာကူးတွေ ဆိုတဲ့ ဝါးလုံးရှည် နဲ့ ပါတ်ကလော်တုတ်နေကြတာတွေဘဲ။

သာကူး သို့မဟုတ် အခွင့်အရေးသမား (Opportunist) ဆိုတာ ခုခေတ်မှ မြန်မာပြည်မှာမှမဟုတ်ပါဘူး
ခေတ်အဆက်ဆက် တစ်ကမ္ဘာလုံးမှာ ရှိခဲ့ ရှိမြဲ ထာဝရလဲ ရှိနေဦးမှာပါဘဲ။


ဒီနေရာမှာ အနုပညာသမားတွေဖက်ကကြည့်ရင်လဲ အမေရိကား မှာတောင် ဒီတိုင်းပါဘဲ။

အမေရိကားမှာ ဟာရီကိန်းတွေ ထိတဲ့အခါတွေမှာမျိုး
911 တုန်းက အကြမ်းဖက်သမားတွေကြောင့် ထိခိုက်ပျက်စီးမှုမျိုးတွေအတွက် အလှူငွေတွေ လိုတဲ့အခါတွေမှာ ပြည်သူတွေ အချစ်ခင်ဆုံးဖြစ်တဲ့ အနုပညာသမားတွေဘဲ ကူညီကြရသလို
သမ္မတ ရွေးကောက်ပွဲတွေ မဲဆွယ်ပွဲတွေ မွေးနေ့တွေ လွတ်လပ်ရေးနေ့ တွေ မျိုးမှာ လုပ်တဲ့ ဖျော်ဖြေရေးတွေမှာလဲ အနုပညာသမားတွေ ပါရပြန်ပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲအပြီး အိုဘားမားကို ဂုဏ်ပြုတဲ့ပွဲတွေ Hati အတွက် New Orlean အတွက် Hurricane Sandy အတွက်ပွဲတွေကို မမေ့ကြသေးဘူးထင်ပါတယ်။
ဒီလိုကိစ္စမျိုးတွေမှာ အနုပညာ သမားတွေရဲ့ ကူညီမှုဟာ Billion ပေါင်းများစွာရှာပေးနိုင်ခဲ့သလို "We Are The World" လို အနုပညာ မှတ်ကျောက်တင်ခံခဲ့ရတဲ့ လူသားချင်းစာနာထောက်ထားမှုကိုအရင်းခံတဲ့ ဝမ်းနည်းနာကျင်မှုကနေမွေးဖွားပေးခဲ့တဲ့ သီချင်းတွေဟာလဲ ယနေ့တိုင် ထိရှခံစားမှုကို ပေးစွမ်းနိုင်နေသေးတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ဆိုလိုတာက နိုင်ငံရေးသမား စီးပွားရေးသမား အနုပညာသမား တွေအားလုံးဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို တစ်ဦးကို တစ်ဦး လိုကိုလိုအပ်နေတဲ့အတွက် မဖြစ်မနေကို ပေါင်းသင်းနေထိုင်ကြရတဲ့သူတွေဆိုတာပါ။
ဒါကို အမြင်ကျယ်ပြီး အမြင်ရှင်းဖို့လိုပါတယ်။

တစ်ချို့ကပြောကြတယ် ပေါ့နော်

ခုမှ မေစု တီစု ဖြစ်နေကြတယ် ဆိုတာမျိုးတွေပေါ့။

ဒါကလဲရှင်းပါတယ်
အရင်က မေချု တီချု ထလုပ်ရင် ခဏလောက်လိုက်ခဲ့ပါဆိုတဲ့ ဇာတ်သိမ်းကြီးကို လူတိုင်းသိနေကြတော့ ကြောက်ကြတာပေါ့။

ဘာမှ သိပ်အဆုံးအရှုံးမကြီးမားတဲ့ သာမန်ဝန်ထမ်းတွေတောင်မှ သူတို့လုပ်နေတဲ့ အလုပ်ပြုတ်မှာကို ကြောက်ကြပါတယ်။
ကိုယ်ပိုင်စီးပွားရေး လုပ်နေတဲ့ သူတွေလဲ ခေါင်းရွက်ဗျက်ထိုးဈေးသည်ကအစ ကုမဏ္ဏီပိုင်ရှင်ကြီးတွေအထိ စီးပွားပျက်မှာ အဖျက်ခံရမှာ ကြောက်ကြပါတယ်။
ဒါက ငွေဆိုတဲ့ လိုအပ်ချက်တစ်ခုဘဲရှိသေးတာနော်။

အနုပညာ သမား ဆိုတာ ငွေဆိုတာတစ်ခုထဲသီးသန့်ကြောင့် ဒီအလုပ်ကို လုပ်နေကြတဲ့သူ လုံးဝမရှိပါဘူး။
ရှိခဲ့ရင်လဲ ဘယ်တော့မှ မအောင်မြင်ခဲ့ကြပါဘူး။
ဘယ်လိုင်းက အနုပညာသမားမဆို သူတို့ရဲ့ ကျွမ်းကျင်ရာ အနုပညာအလုပ်ကို မြတ်နိုးလွန်းလို့ ဝါသနာပါလွန်းလို့ ရူးသွပ်စွဲလန်းလွန်းလို့သာ လုပ်ဖြစ်ခဲ့ လုပ်ဖြစ်နေကြတာပါ။
ကြိုက်တဲ့ အနုပညာသမားကို တစ်သက်လုံး စားမကုန်တဲ့ စည်းစိမ်ပေးထားမယ် အနုပညာကို ဆက်လုပ်ဦးမလား လို့ မေးကြည့်ပါ..
ဘယ်တော့မှ ဘယ် အနုပညာသမား စစ်စစ်ကမှ " ဟာဘယ်လုပ်တော့မလဲ ငွေမှမလိုတော့တာလို့ " မဖြေစေရပါဘူး။
ဖြေခဲ့ရင်လဲ အဲ့ဒိလူဟာ အစကထဲက အနုပညာသမားစစ်စစ် လုံးဝ မဟုတ်လို့ပါဘဲ။

ဆိုလိုတာက အနုပညာရှင်တစ်ယောက်ဟာ သူ့ကို ငွေပုံပေးထားလဲ သူ့ အနုပညာကို အသုံးချခွင့် ပရိသတ်ကို ခံစားတင်ဆက်ခွင့် မရှိတော့ဘူးဆိုရင် သူ့ဘဝဟာ အောက်ပိုင်းသေသွားတဲ့ သူထက် ဆိုးပါတယ်။
ဒီခံစားချက်ဟာ အနုပညာလောကသားမဟုတ်တဲ့ သူတွေ အတွက် ဘာမှ မဟုတ်လောက်ဘူးလို့ ထင်ရစရာရှိပေမယ့် အနုပညာလောကသားတွေအတွက် အသက်ရှူနေတဲ့ လူသေတစ်ယောက်ဖြစ်သွားတာထက်ဆိုးပါတယ်။
ကုန်းပေါ်ပစ်အတင်ခံလိုက်ရတဲ့ ငါး
အတောင်ပံချိုးခံလိုက်ရတဲ့ ငှက်
အဲ့ဒါတွေထက် ပိုဆိုးတဲ့ဘဝ ဟာ ၄င်းရဲ့ပရိသတ်ကို ဖျော်ဖြေတင်ဆက် အသုံးတော်ခံခွင့် မရှိတော့တဲ့ အနုပညာသမားတစ်ယောက်ရဲ့ဘဝပါဘဲ။

ဒါကို သေချာနားမလည်ရင် ကိုကျော်သူ (နာရေးကူညီမှု အသင်း ဥက္ကဌ) ကို အချိန်မရွေး မေးကြည့်ပါ။
သူ နာကျင် တိတ်ဆိတ်စွာ ဖြတ်သန်းခဲ့ရတဲ့ ဆယ်စုနှစ် တစ်ဝက်ကျော် ရဲ့အကြောင်းကို တစ်ထောင့်တစ်ည ပုံပြင်လို ပြောပြပါလိမ့်မယ်။

ဒါကြောင့် အနုပညာသမားတွေ နိုင်ငံရေး နဲ့ ပါတ်သက်ရမှာ ကြောက်ခဲ့ကြတာပါ။
အထက်မှာပြောခဲ့သလိုဘဲ နိုင်ငံရေးနဲ့ ပြည်သူတွေ အပေါ်မှာ အနုပညာ ရဲ့ ထိရောက်စွာ သိမ်းသွင်းစည်းရုံးနိုင်မှုစွမ်းအားကို သေချာ နားလည်ထားတဲ့ မြန်မာစစ်အစိုးရဟာ သူတို့ အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်ကထဲက အနုပညာလောကကို လက်ခုပ်ထဲကရေလို ထိန်းချုပ်စိုးမိုးထားခဲ့ပါတယ်။

ကြွလာမယ်ကြံလိုက်တဲ့သူတိုင်း အာခံမိတဲ့သူတိုင်းကိုလဲ တစ်သက်လုံး လုပ်စားခွင့် မပေးတော့တဲ့ထိ နှိပ်ကွပ်ခဲ့ပါတယ်။
ဒါဟာ အနုပညာသေဒါဏ်ပေးလိုက်ခြင်းဆိုတာ ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ဖူးတဲ့ ကျွန်တော်တို့ တစ်လောကလုံး ခါးသီးကြောက်ရွံစွာ နားလည်ထားကြပါတယ်။
ကိုယ်လုပ်လို့ရတာ လုပ်နိုင်တာနဲ့ ပြန်ခံစားရမယ့် ပြစ်ဒါဏ်ဟာ မတန်တဆ ကြီးမားလွန်းတဲ့အတွက်ပါ။

နောက်တစ်ချက်က အနုပညာသမားတိုင်းဟာ သာမန်လူတွေ တော်တော်များများ ထင်မြင်ယူဆထားသလို ကျိကျိတက်ချမ်းသာကြွယ်ဝသူတွေ မဟုတ်ကြပါဘူး။
သူတို့ ဘဝတွေတိုင်းဟာ အပြင်မှာ ရုပ်ရှင်ထဲကလို မိတ်ကပ်အဖွေးသားနဲ့ အိပ်ယာက နိုးလာကြတာမဟုတ်ပါဘူး။
အားလုံးမှာ စားဝတ်နေရေး နဲ့ သားကျွေးမှု မယားကျွေးမှု ဆိုတဲ့ ဝတ္တရားတွေ ဖိစီးမှုတွေ ရှိကြပါတယ်။
ကိုကျော်သူတို့လို မိဘ အသိုင်းအဝိုင်းက အစကထဲက ငွေကြေးတတ်နိုင်သူတွေတောင် ခံစားမှု သီးသန့် အနေနဲ့ အနုပညာ ကွင်းပြင်ထဲကနေ အလဲထိုး ကန်ထုတ်ခံလိုက်ရသလို နာကျင်ခံစားခဲ့ရသေးရင်
အစကထဲက အနုပညာနဲ့ဘဲ ဝမ်းရေးဖြည့်ဆည်းရင်း ပေါ်လိုက်မြုတ်လိုက် လက်လုပ်လက်စားသာသာ နေနေရတဲ့ မချမ်းသာရှာတဲ့ အနုပညာသမားတွေဆိုရင် ပိုတောင်မှ ကြောက်ကြသေးတာပေါ့ဗျာ။
နောက်ပြီး နိုင်ငံတိုင်း အလွှာတိုင်းက အနုပညာသမား အများစုဟာ အနုပညာ အလုပ်ကလွဲလို့ တခြား စီးပွားရေးတွေ မည်မည်ရရ ဘာမှ မလုပ်တတ်ကြတာဟာလဲ မွေးလာကထဲက ပါလာတဲ့ ပါရမီရဲ့ မလှပတဲ့ အားနည်းချက်တစ်ခုကလဲဖြစ်နေသေးတော့ ပိုဆိုးတော့တာပေါ့။
အဲ့ဒါကိုလဲ အနုပညာသမာချင်းကလွဲပြီး အပြင်လူတွေ သိပ်နားမလည်ကြပါဘူး။

တစ်ကယ်တမ်းက မြန်မာပြည်တွင်းနေသူမှန်သမျှ အစိုးရကို သူဌေးကအစ သူတောင်းစား အဆုံး သူ့နည်းသူ့ဟန်နဲ့တော့ ကြောက်နေကြရတာချည်းပါဘဲ။
ဒါပေမယ့် အစိုးရကိုကြောက်လို့ မငြင်းရဲလို့ ခိုင်းရင်လုပ်ပေးရတာ လိုက်လျောရတာ မငြင်းဆန်နိုင် မငြင်းဆန်ရဲတာကို ဘယ်ပြည်သူအချင်းချင်းမှ အပြစ်မမြင်ကြ မဝေဖန်ကြပေမယ့် .. 
သူတို့တွေလိုဘဲကြောက်လို့ မငြင်းဆန်နိုင်လို့ တစ်ခုခု မလွှဲမရှောင်သာ လုပ်ပေးရရင် အမြဲတမ်း မညှာမတာ ပြစ်ပြစ်နှစ်နှစ် အဆဲခံရတာ ကျွန်တော်တို့ အနုပညာလောကသားတွေပါ။

ရေးနေရင်းစာကလဲ ပြောချင်တာတွေ ပြည့်နှက်ပြီး လိုရင်းမရောက်တော့မှာစိုးတာရယ် အကြာကြီးဖတ်ပေးနေရမယ့်သူတွေကို အားနာလာတာရယ်ကြောင့် နောက်ဆုံးလိုရင်း ဖြတ်ပြောရပါတော့မယ်။

အနုပညာလောကသမားတွေ အားလုံးနီးပါးဟာ ခံစားလွယ် သနားလွယ်ကြပါတယ်။
ဒါကြောင့်လဲ အနုပညာသမားဖြစ်လာတာပါ။
စစ်သားလို သံမဏိစိတ်ဓါတ်နဲ့ အနုပညာသမားဆိုတာ ကမ္ဘာမှာလဲ မရှိဖူးသေးပါဘူး။
မာနသာကြီးကြတာပါ၊ ခံစားချက်က သာမန်လူတွေထက် ပိုပြင်းထန် ထိရှ ကြေကွဲ ခံစားတတ်ကြလို့ သာ အနုပညာသမားတွေ ဖြစ်လာကြတာပေါ့ဗျာ။

ဦးသန့်အရေးအခင်းတုန်းက ၈၈ တုန်းက ကျောင်းသားလေးတွေ အသတ်ခံရတဲ့အခါ အနုပညာသမားတွေလဲ အံကျိတ်ရင်း မျက်ရေကျခဲ့တာပါဘဲ။
မခံစားခဲ့ရတဲ့ အနုပညာသမား မရှိခဲ့ပါဘူး။

ဒီတော့ နိုင်ငံရေးမှာဆိုရင် အနုပညာလောကသားတွေအားလုံးလဲ အရပ်သားပြည်သူတွေလိုဘဲ အမေစုကို အစထဲက အရမ်းချစ်ခင်လေးစားကြပါတယ်။
ဒါပေမယ့် အစိုးရ ကိုပိုကြောက်နေလို့သာ တိတ်တိတ်ကျိတ်ပြီး ချစ်နေကြရတာကနေ ခု အစိုးရက တံခါးတွေ ဖွင့်ပေးလိုက်တော့မှ ပွင့်ပွင့်လင်းလင်းချစ်ပြရဲလာကြတာပေါ့။

ခု အမေစု ကို ပူးပေါင်းလာတဲ့ အနုပညာသမားတွေထဲမှာ ကျွန်တော် အထက်မှာ ပြောခဲ့သလိုဘဲ အခွင့်အရေးသမား (Opportunist) တွေ ပါကောင်းပါပါလိမ့်မယ်
ဒါပေမယ့် အများစုဟာ အမေစု ကို တစ်ကယ်ကို ချစ်ခင်လေးစားကြတာပါ။
ဒါဟာလဲ ကျွန်တော် ကိုယ့်လူတွေဖက် သက်သက် လုပ်ကြံကာကွယ်ပြောနေတာ မဟုတ်ပါဘူး။ ပြောနေဖို့တောင် လိုလဲမလိုပါဘူး။
အမေစု ကို ချစ်ကြတာ အနုပညာသမားတွေမှ စိတ်ထားကောင်းလွန်းလို့လဲ မဟုတ်ပါဘူး
အမေစု ကိုက တစ်ကမ္ဘာလုံးမှာ တစ်ယောက်ထဲရှိတဲ့ ၊ အရမ်းချစ်ခင်လေးစားဖို့ကောင်းတဲ့ ၊ နိုင်ငံတကာကတောင် ချစ်ခင်လေးစားရတဲ့ မဟာ အမျိုးသမီးကြီးတစ်ဦး ဖြစ်နေလို့ပါဘဲ။

ဦးသိန်းစိန် အစိုးရခေတ်မရောက်ခင်ကဆို အမေစု မပြောနဲ့ ကိုကျော်သူကိုတောင် မင်္ဂလာဆောင်တွေ အလှူတွေ မဖိတ်ရဲခဲ့ကြတဲ့သူတွေ အများကြီးပါ။
မယုံရင် သူတို့ကို တိုက်ရိုက် မေးကြည့်နိုင်ပါတယ်။

ခု ဦးသိန်းစိန်မိသားစု ကိုယ်တိုင် ကိုကျော်သူ ကို သွားလှူလိုက်တဲ့ခေတ်ကြမှ နာရေးကူညီမှု အသင်းကို Celebrities တွေပါ စ ဝင်ရယ် ထွက်ရယ် ဖြစ်လာကြတာ အားလုံးအသိပါ။

ဒါတောင် အဲ့ဒိတုန်းကရော ခုချိန်ထိ ကိုကျော်သူက နိုင်ငံရေးသမား စစ်စစ် မဟုတ်သေးသလို သူနဲ့ပါတ်သက်လိုက်မိလို့ ထောင်ကျဖူးခဲ့တဲ့သူ မရှိခဲ့သေးဘူးနော်။
အမေစု ကို ခုလို လူသိရှင်ကြား သွားပါတ်သက်ဆက်ဆံဖို့ဆိုတာ အရင်က အစိုးရ ပုံစံနဲ့ အနုပညာသမားတွေ ဘယ်လောက်ကြောက်ကြမလဲဆိုတာ စဉ်းစားပေးနိုင်ကြမှာပါ။

ဒီတော့ ခု အမေစု ကို NLD ကို ပူးပေါင်းကူညီလာတဲ့ အနုပညာသမားတွေကို အမြင်ကြည်ပေးကြစေချင်ပါတယ်။
အရမ်းကြီး သဘောထားကြီးပေးစရာမလိုပါဘူး အခြေအနေကို ပုံမှန်အတိုင်းဘဲ သဘာဝကျကျ နားလည်ပေးကြပါ။
ငါးခုန်းမ တစ်ချို့ကြောင့် အနုပညာသမား အားလုံးကို သိမ်းကျုံးမစော်ကားကြပါနဲ့ဗျာ။

ကိုမိုးသီးဇွန်ဟာ နိုင်ငံရေးသမား ဆိုတာနဲ့ နိုင်ငံရေးသမားတိုင်းဟာ ကိုမိုးသီးဇွန်လိုလူတွေချည်းဘဲလို့ သတ်မှတ်တော့မယ်ဆိုရင် အမေစု တို့ ကိုမင်းကိုနိုင် တို့ ကို သတိရသင့်သလို ..
မကောင်းတဲ့ စစ်ဗိုလ်ချုပ် တစ်ချို့ကြောင့် စစ်သားတွေ အားလုံး လူယုတ်မာတွေ လို့ သတ်မှတ်တော့မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ရဲဘော်သုံးကျိပ်ကို သတိရသင့်သလို ..
သူ့ကျွန်မခံပြီ ၃ ခါ တက်အော်သွားတဲ့ ဦးညွန့်ဝင်းလိုလူတွေ နဲ့ ခုချိန်ထိရှိနေတဲ့ သာယာစားတစ်ချို့ကြောင့် အနုပညာသမားတွေအားလုံးကို သိမ်းကျုံးပြီး စော်ကားတော့မယ်ဆိုရင် သေတဲ့အထိ အစိုးရကိုရော ပြန်ကြားရေးမကလို့ ဘယ်ဝန်ကြီးကိုမှပါ ဘာကြောင့်မှ မဖားခဲ့တဲ့ ဦးမညွတ်ခဲ့တဲ့ 
ကျွန်တော့် အဖိုးအဖွား အဖေအမေ ဦးလေးအဒေါ် တွေ ညီအစ်ကို မောင်နှမ ဒါရိုက်တာတွေ သရုပ်ဆောင်တွေ နဲ့ ရုပ်ရှင် ဂီတ စာပေ သဘင် အနုပညာသမား စစ်စစ်တွေလဲ ရှိနေပါသေးတယ်ဆိုတာကို သတိရပေးကြပါလို့ ... အလေးအနက်ထားပြီး မေတ္တာရပ်ခံပါရစေ။

နောက်ဆုံးနိဂုံးချုပ်အနေနဲ့ ခုလို အလှူအတန်းကိစ္စမှာ ခရိုနီ ခရိုပြာ ဝေဖန်နေတဲ့ သူတွေ အများစုက ဗုဒ္ဓဘာသာတွေဆိုရင် အထူးသတိပေးလိုတာက ...
အမေစု နဲ့ NLD ကို ..
ဦးတေဇကဘဲလှူလှူ ..
ဦးဇော်ဇော်ကဘဲ လှူလှူ ..
ဘယ်သူကဘဲ လှူလှူ ..
အများအတွက် ကလေးတွေအတွက် ပညာရေးအတွက် လှူတာဟာ မွန်မြတ်တဲ့ကိစ္စမို့ သာဓုခေါ်ပေးသင့်ပါတယ်။
တစ်ဦးချင်း တစ်ယောက်ချင်း အတွက် မဟုတ်ဘဲ အများအတွက် လှူတဲ့ ဒီအလှူမျိုးကို သံဃာတော်တွေတောင် ငြင်းဆန်ခွင့်မရှိတဲ့အတွက် လက်ခံပေးတဲ့ အမေစု ကို ဘာဆိုဘာမှ ဘယ်သူမှ ပြောပိုင်ခွင့်မရှိပါဘူး။
သာဓုမခေါ်နိုင်ရင်တောင် ဥပေက္ခာဘဲပြုခွင့်ရှိပါတယ်။

တကယ်လို့များ ကိုယ်က ကိုယ့် အထင်အမြင် နဲ့ တစ်ကယ် မှန်တယ်ထင်လို့ ပြောဆိုဝေဖန်မိတယ်ဘဲ ထားပါစေဦး
သူတစ်ဦးရဲ့ အလှူဒါနဆိုတာကို ဘာအကြောင်းနဲ့ မဆိုအပြစ်တင်ကဲ့ရဲ့ခြင်း တားမြစ်ပိတ်ပင်ခြင်း ကန့်ကွက်ဖျက်ဆီးခြင်း မပြုရဘူးလို့ ဘာသာတရားတိုင်းကလဲ ဆိုထားပါတယ်။
ပိုဆိုးတာက ခုလို လုပ်ခြင်းဟာ လှူနေတဲ့သူတွေကိုစော်ကားမိရုံ တစ်ခုထဲ မဟုတ်ပါဘူး အလှူခံပေးနေသူနဲ့ ၄င်းရဲ့ မူရင်း ရည်ရွယ်ချက်ဖြစ်တဲ့ အလှူကိုပါ ထိခိုက်စေပါတယ်။
သူတို့လို လှူချင်စိတ်ပေါက်လာမယ့်သူတွေကိုပါ မိမိစကားကြောင့် နောက်တွန့်သွားစေနိုင်တဲ့အထိ ထိရောက်သွားနိုင်ပါတယ်။

ခုလိုလုပ်လိုက်လို့ နောက်နောင် တိုင်းပြည်ရဲ့ အရေးတကြီး လိုအပ်ချက်တွေရှိလာတဲ့အချိန်တွေမှာ ငွေကြေးလဲတတ်နိုင်ပေမယ့် ပြီးခဲ့တဲ့ တစ်ခါတုန်းက ပိုက်ဆံလဲ သိန်းရာထောင်ချီလှူရသေးတယ် ပက်ပက်စက်စက် အဆဲလဲခံခဲ့ရသေးတယ်ဆိုရင် ဘယ်သူက လှူချင်တန်းချင်ပါတော့မလဲဗျာ။
ဒါဆိုရင် တိုက်ရိုက် နစ်နာသွားရတော့မှာ တစ်ကယ်လိုအပ်နေတဲ့ ဆင်းရဲသားတွေ နဲ့ ကလေးသူငယ်လေးတွေပါ။
ခုဝေဖန်လေကန်နေတဲ့ သူတွေ တစ်ယောက်မှ မပါပါဘူး။

အလှူဒါနတစ်ခုဖြစ်မြောက်ဖို့ဆိုတာ
  • အလှူရှင်ရဲ့ စစ်မှန်တဲ့ သဒ္ဓါတရား 
  • လှူဒါန်းနိုင်တဲ့ ကံ သို့မဟုတ် အခွင့်အရေး
  • အလှူခံတဲ့သူရဲ့ ဝမ်းမြောက်ပီတိ နဲ့ အသိအမှတ်ပြု လက်ခံရယူမှု ဆိုတဲ့ သုံးမျိုး ပေါင်းစပ်တိုက်ဆိုင်မှ အထမြောက်တဲ့အရာပါ။ 
ဗုဒ္ဓဘုရားရှင်ရဲ့ အဆိုအမိန့်အရ ..
အလှူဆိုတာ ကိုယ့်အိပ်ထဲကမစိုက်ဘဲ ဘေးကနေ သူတစ်ပါးရဲ့ အလှူအပေါ် အလှူရှင် ကိုယ်စား ဝမ်းမြောက်ပီတိစိတ်ကလေးနဲ့ သာဓုခေါ်ပေးတတ်ရင်ကို အလှူရှင် နဲ့ တန်းတူ ကုသိုလ်ရနိုင်သလို။
ကိုယ့်အိပ်ထဲကလဲ မပါသွားဘဲ သူများဘာသာ သဒ္ဓါပေါက်လို့ လှူတာကို ကဖျက်ကယက်ပြောဆိုပြုမူလုပ်ကိုင်မိရင်တော့ အကုသိုလ်က မိမိအတွက်ရော အလှူခံအတွက်ရော အလှူရှင် အတွက်ပါ သုံးဆရစေတဲ့အတွက် အရမ်းအပြစ်ကြီးလေးတယ် ဆိုတာ နားလည်သင့်ပါတယ်။

ဒါကြောင့် သူတစ်ပါးရဲ့ အလှူဒါနကို
ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဝေဖန် ပြစ်မှားနှောက်ယှက် ဖျက်ဆီးဟန့်တား ပိတ်ပင်တားမြစ် ခြင်းတို့ကို
ကာယကံ ဝစီကံ မနောကံ တည်းယူသော ကံသုံးပါးလုံးနဲ့
ဘာအကြောင်းနဲ့ဖြစ်စေ မပြုအပ်ပါဘူးတဲ့။


တစ်ချို့က လူလည်လုပ်ပြီး FB မှာ BLOG မှာရေးတာ ကံသုံးပါးထဲမှာ မပါဘူးလို့ ထင်နေသူတွေကို အလွယ်ဆုံးရှင်းပြမယ်နော်။

စာရေးတယ် စာရိုက်တယ် ဆိုတာ ကိုယ်တိုင်လက်နဲ့ လုပ်ရတဲ့အတွက် တစ်ခါထဲ ကာယကံမြောက်ပြီးဖြစ်ပါတယ်။
စာရေးတယ် ဆိုတာ မိမိရင်ထဲက စကားကို စာနဲ့ ပြောကြားခြင်းဖြစ်တဲ့အတွက် အသံမထွက်ပေမယ့် စကားပြောခြင်းတစ်မျိုးဘဲမို့ ဝစီကံလဲမြောက်ပါတယ် ၊ အ အ တွေ ဝစီကံသင့်မသင့် ဆိုတာ ဖတ်ဖူးရင် သိကြမှာပါ။
စာရေးတယ် ဆိုကထဲက စဉ်းစားပြီးမှ ရေးရတာဖြစ်တဲ့အတွက် မနောကံလဲ မြောက်ပါတယ်။

ဒါဆို သူများ ရေးထားတာ ပြန် SHARE တာ E-MAIL ပို့တာ မပါဘူးဆိုပြီး စောဒကတက်ချင်လာတဲ့ MR. & MRS. SMARTY တွေရှိကောင်းရှိမှာပါ။

ပြန် Share တာဟာလဲ သူများစကား (စာ) ကို စိတ်ထဲကဖတ်ကြား ပြီး သဘောတူလို့ မနောကံ မြောက်သွားတော့မှ သူများကို ဝစီကံ မြောက် စာနဲ့ လက်ဆင့်ကမ်း ပြန်ပြောဖို့ ကာယကံမြောက် SHARE ဆိုတာ / FORWARD ဆိုတာ ကို နှိပ်ရတာ မို့ ကံသုံးပါးလုံး မြောက်ပါတယ်ခင်ဗျာ။ 
(LIKE) လုပ်တာဟာလဲ တူတူပါဘဲနော် ကပ်မေးကြမှာသိလို့ပါ။

ကဲ ခု သိကြပြီနော် Internet ကြောင့် ကံ သုံးပါးလုံး ထိုက်နိုင်တယ်ဆိုတာကို။

ဒါတွေကို သိမြင်ခဲ့လို့ ကိုယ့်စကား ကိုယ့်အပြောကြောင့် တစ်ခြား အလှူရှင်တစ်ဦးရဲ့ ဒါနစိတ်မှာ လှူပြီးမှ အနှောက်အယှက်ဖြစ်သွားစေမယ် မလှူခင်မှာဘဲ ပျက်ပြယ်သွားစေမယ်ဆိုရင် ငရဲကျပြီးရင်တောင် သုစိမုခ (ခံတွင်း အပ်နဖားမျှလောက်ရှိသောပြိတ္တာ) ထပ်ဖြစ်တတ်တယ်လို့ ဗုဒ္ဓက သေချာ ဟောထားခဲ့တာပါ။

အစားအသောက်ကောင်းတွေ ပါတ်လည်ဝိုင်းနေတာ မျက်စေ့က မြင်နေရပေမယ့် အပ်ပေါက်ထက်သေးတဲ့ပါးစပ်လေးကြောင့် မစားနိုင်ဘဲ ထာဝရ ငတ်မွတ်ခြင်းနဲ့သာနေထိုင်ရှင်သန်ရတဲ့ ငရဲ တစ်မျိုးပေါ့နော်။


ဒီတော့ အဆုံးသပ်ပြောချင်တဲ့စကားလေးကတော့ ...
အစိုးရကို ဖြစ်စေ ..
မည်သည့်စီးပွားရေးလုပ်ငန်းရှင်တွေကို ဖြစ်စေ ..
ဘယ်သူ့ကို ဘာကြောင့်ဘဲ ဖြစ်စေ .. 
မကျေနပ်လို့ နာကျည်းနေလို့ စိတ်နာမိနေတာတစ်ချက်ထဲနဲ့ ၄င်းတို့ ပြုလုပ်လတ္တံ့ ပြုလုပ်ဆဲ ပြုလုပ်ပြီးခဲ့သော ကောင်းမှုကုသိုလ်ဆိုတာတွေကို အကြောင်းသုံးပါး ကိုက်ညီခြင်း ရှိမှန်းမရှိမှန်း သေသေချာချာမသိဘဲ အထင်နဲ့ ခံစားမှု ကိုဘဲ အခြေခံပြီး ကံသုံးပါးနဲ့ စော်ကားမိခဲ့ရင် သေလွန်တဲ့အခါ ပြိတ္တာ ဖြစ်တတ်တယ်ဆိုတာလေးကို ...

" စိတ်နာ လို့ ပြိတ္တာ မဖြစ်စေနဲ့ " လို့ မေတ္တာရှေ့ထားပြီး သတိပေးလိုက်ရပါတယ်ခင်ဗျား ။ ။


ထာဝရမေတ္တာဖြင့်


မျိုးချစ်မြန်မာ

2 comments:

Saw Yan Naing said...

Very good and open some of the eyes which we may have neglected.
keep it up
Cheers!!!

စံပယ်ဖြူ (Jasmine White) said...

ဝင်လာရင်းကြုံလို့ ဖတ်သွားပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းနေအောင်ရေးထားတာ သိပ်ကောင်းပါတယ်။ လူဖြောင့်စိတ်တိုထင်ပါရဲ့